ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Saturday, July 24, 2010

ဘ၀ကံကြမ္မာတို့၏သဘော

သင်၏ဘ၀ ကံဆိုးမိုးမှောင်ကျနေပြီဟု သင်ထင်နေပါသလား။
သင်မလိုလားသောအရာတွေ သင်ကြောက်ရွံ့သောအရာတွေ မအောင်မြင်မှုတွေ
ရှုံးနှိမ့်မှု၊ မကျန်းမာမှု၊ ၀မ်းနည်းပူဆွေးရမှု အစရှိတာတွေအားလုံး
သင့်အားစုပြုံ နှိပ်စက်နေပြီဟု ခံစားရပါသလား။

အစောပိုင်းသင်အောင်မြင်စဉ်နှစ်များက
သင်မလိုအပ်သောအကူအညီများကို
ပေးချင်လွန်းလို့ တန်းစီနေခဲ့သည့် သင့်မိတ်ဆွေတွေ
ယခုတစ်ကယ်လိုပါပြီဆိုမှ ပျောက်ချင်းမလှ ပျောက်ကုန်ကြပြီလား။

ငါ့ဘ၀သည် မျှော်လင့်ချက်ကင်းသော
ကုန်းစောင်းအတိုင်းလှိမ့်ဆင်းသွားပြီဟု
သင်ယူဆနေပြီလား။

စိတ်မပျက်ပါနှင့်။တစ်လောကလုံး၏အမှောင်ထုသည်
ဖယောင်းတိုင်မီးလေးမျှကိုပင် ငြိမ်းသတ်နိုင်စွမ်းမရှိတာကို သတိရပါ။
သင်စိတ်ပျက်လက်လျှော့မသွားသေးသမျှ သင့်အားမည်သူမျှ အနိုင်မယူနိုင်ပါ။

စင်စစ်လောကဟူသည်လည်း သင့်အားတမင်နှိပ်စက်နေခြင်းမဟုတ်ပေ။
သို့သော် လောကသည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သော်ကြောင့်
ဆုပေးရန်မနှောင့်နှေးသလို ဒဏ်ပေးရန်လည်း တွန့်ဆုတ်ခြင်းမရှိ။

ဘ၀အတွေ့အကြုံသည် ဆရာကောင်းတစ်ဆူလည်းဖြစ်သည်။
သူသည် သင့်အား ဘ၀သင်ခန်းစာများနှင့်စပ်လျှင်းပြီး အမြဲစစ်ဆေးနေမည်သာဖြစ်သည်။
သင့် သန္နိဌာန်တွေ ဘယ်လောက်ခိုင်မာသလဲ သူအကဲခတ်လိမ့်မည်။
သင့် အရိုးအကြောတွေ ဘယ်လောက်သန်မာသလဲဆုံဖြတ်ရန်
သင့်ကို ခက်ခဲပင်ပန်းမှုများနှင့် ထိပ်တိုက်တွေ့ဆုံပေးလိမ့်မည်။

သင့်အားထုတ်မှု ပျက်ပြားအောင် နည်းအမျိုးမျိုးနှင့် အနှောင့်အယှက်ပေးခြင်းဖြင့်
သင့်ကို နိုးနိုးကြားကြားရှိစေလိမ့်မည်။
သင့်အားနည်းချက်ကိုဖြည်းတင်းကာ သင့်အားကြံ့ခိုင်မာကြောသူဖြစ်လာအောင်
လေ့ကျင့်ပေးလိမ့်မည်။

ဘ၀ဆရာ၏ လေ့ကျင့်ခန်းအမျိုးမျိုးကို ခံယူလေ့ကျင့်ပြီးမှသာ
ကြီးမားသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ လူတစ်ကာထက်
ထူးခြားသော အောင်မြင်သူတစ်ဦးဖြစ်လာနိုင်သည်။

လူ့ဘ၀၏ ထူးခြားချက်က လူတစ်ယောက်၏ ဘ၀မှာ
တစ်ကြိမ်တစ်ခါတော့အရေးနှိမ့်မှု ကြုံရခြင်းပင်။
ထိုအဖြစ်မျိုးနှင့်ကြုံရလျှင် အများစုက လက်မြှောက်အရှုံးပေးသွားကြသည်။
တစ်ချို့ဆိုလျှင် အရေးမနှိမ့်ခင်မှာပင် ငါရှုံးတော့မည်ဟု
ကြိုတင်လက်မြှောက်သွားတတ်ကြသည်။
အလွန်ရှားပါးသောလူတစ်ချို့သာ မအောင်မြင်မှု
ဘယ်လောက်ကြုံသော်လည်း အလျှော့မပေးသော ဇွဲဖြင့်ကြိုးစားတတ်ကြသည်။

သို့သော် ထိုအခက်အခဲကြုံရခြင်းသည်လည်း
တစ်ခဏသာဖြစ်သည်။ယာယီအခက်အခဲမျှသာ
ထိုထက်လုံးဝမပို။ဘ၀ခရီးတစ်လျှောက်
ခလုတ်တိုက်မိသော ကျောက်ခဲမှန်သမျှသည်
နင်းလျှောက်သွားရမည့် ကျောက်တုံးများပင်ဖြစ်လေသည်။

ထိုအခက်အခဲများနှင့်ရင်ဆိုင်ရစဉ်မှာ
သင်ဘယ်လိုခံစားသလဲပေါ်မူတည်သည်။
ငါရှုံးပြီဟု ခံယူကာမှိုင်တွေငေးမောနေလျှင်
နောက်ထပ်ပိုဆိုးသော ဘေးဒုက္ခတွေကို
လမ်းဖွင့်ပေးသလိုဖြစ်ပြီး သင့်ဘ၀ တကယ်ပင် တောင်စောင်းအတိုင်း
တောက်လျှောက်လိမ့်ဆင်းသွားပေမည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်ကြိမ် အရေးနှိမ့်သည့်တိုင်
အရှုံးထဲမှ အမြတ်ရအောင်ယူနိုင်သူများအဖို့
မအောင်မြင်ပျက်စီးမှုများသည် နောင်တစ်ချိန်မုချရောက်ရှိမည့်
အောင်မြင်မှုပန်းတိုင်ကို မရောက်မီ မလွှဲမရှောင်သာ
နင်းဖြတ်သွားရမည့်လှေကားထစ်များ ခရီးလမ်းမှတ်တိုင်များပင်
ဖြစ်သွားရပေသည်။........

ဖေမြင့်၏ အားပြင်းတဲ့မြားတစ်စင်း စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်

3 comments:

ခိုင်နုငယ် said...

ပြန်လာမျှဝေတာကျေးဇူး
ကိုကြီးထက်သူရ..
ကျနော်လည်း..ဖေမြင့်စာတွေသိပ်ကြိုက်တာ။
နောက်များကြုံရင်..ဖေမြင့်စာတွေတင်ပေးပါအုံဒ
လာဖတ်မယ်။

ခင်တဲ့
ဘုတ်ဆုံ(ခ)ခိုင်နုငယ်

chocothazin said...

ကျေးဇူးတင်လိုက်တာဟာ
စိတ်ပျက်အားလျော့နေတဲ့ အချိန်မှာ ဒီလိုစာတွေ ဖတ်လိုက်ရတာကိုက အားတက်သွားပြီ

kh said...

ခိုင်နုငယ်>> စိတ်ချ ရေးစရာတွေကျန်သေးတယ်...

သဇင်>>> လူတိုင်းမှာ လဲပြိုဘူးပါတယ်
လဲရင်ပြန်ထတာနဲ့ မထတာပဲကွာကြတာပါ
နင်ကတော့ ဘယ်လောက်လဲလဲ
ပြန်ထမယ့်သူဆိုတာ ငါယုံတယ် သယ်ရင်း