ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Monday, June 28, 2010

ကြောက်စိတ်

ကြောက်စိတ်
မောင်သစ်ဆင်း

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ
လက်ရွေးစင်ထဲက မင်းတုန်မင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကိုသင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာပညာသင်ြကားခဲ့ရတယ်။
တစ်နေ့ မှာ အင်းသားကြီးငကြူးက ငါးခြောက်ြပားကြီး တစ်ပြားလာပြီးလှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ြကိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။နောက်တစ်နေ့ ဆရာတော်ဆွမ်းဘုန်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှရှာဖွေမေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်
ဟဲ့…….ငလွင် မရသေးဘူးလား လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ
ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်းကို တင်လျှောက်ရတော့တယ်။
ငလွင်……လာခဲ့ လို့
ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲံ ဆရာတော်ရဲ့ အသံက ကျောင်းသားတွေရဲ့
နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့ …ငလွင် နင်ဟာ ဘုရင့်သား အကြောင်းညီညွတ်ရင်
နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့်သူ
ဒီလိုလူက ငါးခြောက်ပြားတစ်ချပ်တောင် လုံခြုံအောင်မစောင့်ရှောက်နိုင်ရင်
နိုင်ငံကို နင်ဘယ်လိုလုံခြုံအောင် စောင့်ရှောက်မလဲ လို့
မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက် ဆုံးမပါသတဲ့။
ဒီဆောင်းပါးကိုသင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို
ဖြေခိုင်းပါတယ်။
မေးခွန်းတစ်ခုက စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့
အဓိပ္ပါယ်ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။
အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကိုဝေ့ပြီးကြည့်တယ်။
တစ်တန်းလုံးကလဲ ငြိမ်လို့။ ဆရာဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။
ဆရာက အဖြေလွှာတစ်ရွှက်ကိုဆွဲထုတ်ပြီး အဲ့ဒီကျောင်းသားကိုပေးလိုက်တယ်။
ဒါ မင်းအဖြေလား။ ဟုတ်ပါတယ်ဆရာ၊ အေး..တစ်တန်းလုံးကြားအောင် ဖတ်စမ်းးး။
နည်းနည်းအံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း
ဆရာတော်ရဲ့ အဲ့ဒီမနက်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်
မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီးကြီးမားနေနိုင်ကြောင်း၊ ပြီးတော့
ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမပြီးလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ် ထင်အောင် ရိုက်နှက်ဆုံးမခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုန်းမပေးသင့်သည်ကိုသတိရသင့်ကြောင်း၊ ဆရာတော်ကိုယ်တိုင်က
ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါပဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်နေကြောင်း၊ အသားနာမှ အရိုးစွဲမည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတော် တစ်ခုလုံးကို အင်္ဂလိပ် လက်ထဲ ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊ အဲ့ဒီလိုတွေ
ဖြေထားတယ်ဗျ။
တစ်တန်းလုံး တစ်ခိခိ နဲ့ ရယ်ကြတယ်။သူတစ်ကြောင်းဖတ်လိုက် ခိခိနဲ့ ကြိတ်ရယ် လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။
မင်း ငါ့ကို နောက်နေတာလား။
ဟာ…… မဟုတ်ပါဘူး ဆရာ၊ ကျွန်တော်မေးခွန်းကိုဖြေတာပါ
ကဲ အားလုံး သူဖြေတာကိုလက်ခံကြသလား၊ တစ်ယောက်စီမေးမယ်။
ကဲ …… မင်းကစ၊ သူဖြေတာမှန်သလား မှားသလား။
ပထမဆုံးအမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက်ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကိုကြည့်လိုက်၊
ဆရာ့ကိုကြည့်လိုက် ဘေးဘီကိုကြည့်လိုက်နဲ့။
ကျွန်တော့စိတ်ထဲမှာတော့ အဲ့ဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေမိတယ်။
ကျွန်တော်လဲ သူ့လိုခံစားမိတာပဲ။ ဒါပေမဲ့ သူ့လိုမဖြေတတ်ဘူး။
သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ပြီးတော့ သူ့လို မဖြေရဲဘူး။
တစ်တန်းလုံးလိုလိုလဲ ကျွန်တော့လိုပဲထင်တယ်။ သူတို့မျက်နှာကိုကြည့်ရင်
သိသာပါတယ်။
ဟေ့ကောင်…..ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။
တစ်ကယ်တော့ ဆရာက မှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို
မေးနေတယ် မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ဝန်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ ပြောပြီးသား
ဖြစ်နေပါပြီ။ ဆရာကကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်လို့
ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲ့ဒီကျောင်းသားလဲ သဘောပေါက်ဟန်တူပါရဲ့။
သူဖြေတာ မှားပါတယ်။ ဟုတ်ပြီ နောက်တစ်ယောက်
မှားပါတယ်။ နောက်တစ်ယောက်။ မှားပါတယ်……
တစ်ယောက်ပြီးတစ်ယောက်မေးလာလိုက်တာ
ကျွန်တော့အလှည့် ရောက်လာပါတယ်။
ကျွန်တော်ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်းရှုလိုက်တယ်။
မှားပါတယ်။
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။
ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။
ထူးခြားတာက ကျောင်းသားအားလုံးလဲ ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲ့ဒီကျောင်းသားကို နောက်ပြောင်မှုနဲ့
အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း
ကျွန်တော့် ခန္ဓာကိုယ်တစ်နေရာမှာ နာသွားသလိုပါပဲ။
ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပါပဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲ့ဒီကျောင်းသား ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလို တပည့်မျိုး
ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာလဲ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။
အဲ့ဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ဗျာ။ဒါ ဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူနေပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။
ဖြေရဲသူရှိလာတာတောင် ကျွန်တော်တို့ ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ၊ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ……..။
ခက်ထန်တဲ့ အမူအရာတွေ။
အဲ့ဒီလို ကျွန်တော်တို့ရဲ့ သွေးထဲမှာ ကြောက်စိတ်တွေပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ ကြောက်ပွင့်တွေ တစ်ဝေေ၀ နဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေရှိရင်လည်း
ကျွန်တော်တို့ ဘာမှ မပြောရဲဘူး။ အပြုဘက်ကမြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ် ဆိုတာ သိသိကြီးနဲ့ အထက်လူကြီး မကြိုက်မှာစိုးလို့
ကျွန်တော်တို့ အကြံမပြုရဲဘူး ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထား
တွေကိုလဲ ဘယ်သူကမှ မတောင်းကြဘူးလေ။
သင်ခဲ့တဲ့ ပညာတွေ စာအုပ်ထဲပြန်သွားလဲ သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာလဲ
ဘယ်နေရာမှာနေတယ်လို့ ကျွန်တော်မြင်ပေမယ့် ဒါပြောရမယ့်ကိစ္စလို့ မထင်တော့ဘူး။
တဖြည်းဖြည်းနဲ့ ကျွန်တော်မှန်တယ်လို့ထင်လာတယ်။
ကျွန်တော့အထက် အဆင့်ဆင့် အောက်အဆင့်ဆင့်က လူတွေအားလုံးက ဒါကိုမှန်တယ်လို့ ထင်လာကြရင်ဖြင့်….ဌာန မနာဘူးလား
တိုင်းပြည်မနာဘူးလား ပညာရပ်အနေနဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး
နာပါတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့
ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေလက်ထဲမှာ တုတ်တစ်ချောင်းနဲ့ ……
ဘယ်လိုဖြစ်ကြတာလဲကွာ..၊ ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင်မလုပ်ပဲ
ကမြင်းတာလေ ပန်းကန်းတစ်လုံး ကွဲပြီ၊
ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ…..
တော် စာပိုဒ်ထဲက ဟာတွေလာမပြောနဲ့ ပန်းကန်တစ်လုံးဘယ်လောက်အောက်မေ့လို့လဲ
ရှင့်ဝင်ငွေက ဘယ်လောက်………….
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးတွေနဲ့
ကျွန်တော့ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။
ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ
ဖြစ်နေတာကြာပါပြီကောလား သားရယ်…………..။

Thursday, June 17, 2010

မော်ဒယ်လ်ဂဲ

အရိုးစုခြောက်
လမ်းထလျှောက်သော်
မျက်မှောက်ခေတ်ထဲ
`မော်ဒယ်လ်ဂဲ´ တဲ့

ရပိုင်ခွင့်

လူတိုင်းမှာရပိုင်ခွင့်ကိုယ်စီရှိကြပါတယ်
တစ်ဦးနဲ့တစ်ဦးတော့မတူနိုင်ကြဘူးပေါ့
လူတစ်ချို့က ကိုယ့်ထက်ပိုထူးချွန်လို့
ရပိုင်ခွင့်ပိုနေရင် သိပ်မပြောတတ်ကြပေမဲ့
ကိုယ့်ထက်မထူးချွန်တဲ့သူတွေ
ရပိုင်ခွင့်ပိုရနေရင်တော့ မကျေနပ်တတ်ကြပါဘူး
ကျွန်တော်ရော
ဒီလိုပါပဲ မကျေနပ်တာတော့ရှိတာပေါ့
ဒါပေမဲ့ တစ်ခုကြားဖူးတယ်
`သူတစ်ပါးရဲ့ ရပိုင်ခွင့် ကို မနာလိုမဖြစ်ပါနဲ့´တဲ့
ဟုတ်တယ်ဗျ
ကိုယ့်လောက်မတော်ပေမဲ့ သူ့မှာရပိုင်ခွင့်ရှိနိုင်တဲ့
အခြေအနေရှိနေတယ်လေ
ရပိုင်ခွင့်တစ်ခုရှိဖို့က
၁။အရည်အချင်း
၂။အဆက်အသွယ်
၃။ဘ၀ပေးကံအခြေအနေ တွေလိုသေးတာကိုးဗျ
အရည်အချင်းနဲပေမဲ့
အဆက်အသွယ်နဲ့ ကံ ကောင်းရင် ကိုယ့်ထက်ရပိုင်ခွင့်ပိုနိုင်ပါတယ်
သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်တဲ့သူတွေထဲမှာ
အထင်ရှားဆုံးတွေကတော့
နိုင်ငံရေးသမားတွေပဲထင်တယ်(ကျွန်တော့အမြင်နော်)
ဒီတော့ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်နေမယ့်အစား
ကိုယ့်ရဲ့ရပိုင်ခွင့်ကို အကောင်းဆုံးဖြစ်အောင်အသုံးချပြီး
ရပိုင်ခွင့် ပိုတိုးနိုင်အောင်
ကြိုးစားကြရအောင်လားဗျာ........
(ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)


ထက်သူရ

Wednesday, June 16, 2010

တကယ်လား

ငါကြိုးစားနေတယ်ဆိုတာ
တကယ်လား
ငါအလုပ်လုပ်နေတယ်ဆိုတာ
တကယ်လား
ငါအခြေအနေတစ်ခုရောက်အောင်
လုပ်နေတယ်ဆိုတာရော
တကယ်ပဲလား
တစ်ခုကြားဖူးတယ်
`တကယ်ကြိုးစားတဲ့သူဟာ
ပန်းတိုင်ကိုကြိုရောက်နေသူပဲ´တဲ့
ငါကြိုးစားနေတယ်ဆိုပြီး
ကိုယ့်ကိုကိုယ်လိမ်နေမိတာလား
အခုသေချာတာကတော့
ငါ ဘာမှလုပ်ချင်စိတ်မရှိပဲ
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတာပဲ
ငါဘာလုပ်သင့်သလဲ.....
စိတ်တွေပြန်စုစည်းမိအောင်
ဘာတွေလုပ်ရမလဲ.....

ကိုယ်ကိုယ်တိုင်သည်သာ

ကိုယ့်အားကိုယ်ကိုး
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
ကိုယ့်ကိုကိုယ်ထိန်း
ကိုယ့်ကိုဒုက္ခအပေးနိုင်ဆုံးလူက
ကိုယ်ကိုယ်တိုင်ဖြစ်သလို
ကိုယ့်ကိုအစွမ်းထက်စေနိုင်တာကလဲ
ကိုယ်ကိုယ်တိုင်ပဲ............