ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ဖတ်မိသော.....ကြိုက်မိသော. Show all posts
Showing posts with label ဖတ်မိသော.....ကြိုက်မိသော. Show all posts

Thursday, August 19, 2010

မင်္ဂလာဆောင်မလား????

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ..

ကျားဆိုတာ တောဘုရင်(တောမျက်နှာဖုံး)ဆိုတော့ တောနေလှေအောင်း မြင်းဇောင်းမကျန် ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့ .. အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံးအချိန်ရောက်တော့ ပရိသတ်တွေလည်း
စုံစုံလင်လင် ရောက်နေတာပေါ့ .. ..

အဲလောက် ပရိသတ်များများမမြင်ဘူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာ ထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ .. ..

“ ကိုနွား”

“ဘာလဲကွ”

“ဒီလောက်စည်ကားတဲ့မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော” လို့ပြုံးပြုံးကြီးပြောသတဲ့ .. .. ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက
ဘိတ်သိတ်သီချင်း တီးပါလေရော …. …. ဒီမှာတင် .. ခုနကနွားထီးကြီးက ထ ကတော့တာကိုး ..
.. .. ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့
.. ..

“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့ … ကိုနွားက .. ..

“ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လိုကပြောသတဲ့ .. .. ဒီတော့ မျောက်ကမေးတာပေါ့ .. .. “ ကိုနွားကလဲ ကြံကြီးစည်ရာဗျာ .. ခင်ဗျားက နွား ဟိုက ကျား လားလားမှ မဆိုင်တာပဲ” လို့ ပြောတော့ ကိုနွားက
.. ..

“ ညီလေးမျောက် .. လောကမှာမင်းမသိတာတွေ အများကြီးရှိတယ်ကွ”

“ တကယ်တော့ ညီလေးရေ ခုမင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့ … .. ဒီမှာတင်မျောက်က .. “ ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်း ဟုတ်လား .. ဟားဟား … မဖြစ်နိုင်တာဗျာ
လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့ .. .. ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့
ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့ .. ..


“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ” .. ..

စဉ်းတော့ စဉ်းစားစရာပဲ....
အဟတ် အဟတ်..

ထက်သူရ

နောက်ဆုံးဖယောင်းတိုင်

တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။
အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့
အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို
လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊
တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား
နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။
ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ
အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ
မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။
စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။
ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု
ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား
ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။
``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ
ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊
သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း
ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့
တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့
လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့
ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ
ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့
ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ
မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊
သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


-----------
forward mail ထဲကရတာပါ
ဟုတ်တယ်ဗျ နားလည်မှုပေးလိုက်ရင်
ကိစ္စတော်တော်များများ ပြေလည်သွားတတ်တယ်

ဒါပေမဲ့ဗျာ ခက်နေတာက
ကိုယ်ကနားလည်ပေးထားပေမဲ့
ကိုယ့်ကိုပြန်နားလည်မပေးတဲ့သူတွေနဲ့
ကြုံနေရတာပဲ...............

တတ်နိုင်သလောက်တော့ နားလည်ပေးထားပါတယ်ဗျာ...


ထက်သူရ

Wednesday, July 28, 2010

မှန်ကိုဝင်တိုက်သူ

စာရေးသူတွင် မိတ်ဆွေတစ်ဦးရှိသည်။
ထိုသူမှာ မွေးရာပါရောဂါတစ်ခုကြောင့် နားလုံးဝလေးနေပြီး
မျက်စိမှာလည်း မြင်ရရုံသာရှိတော့သည်။
သူ၏အလုပ်မှာ ဓမ္မဆရာဖြစ်သည့်အလျှောက်
အမြင်အကြား ထိုမျှချွတ်ယွင်းနေသည့်တိုင်
တရားဟောသောအလုပ် ဂီလာနများထံသွားရောက်အားပေးသောအလုပ်များကို
အခြေမပျက် ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။
နားကြားကိရိယာကိုအသုံးပြုပြီး သူတစ်ပါးစကား နားထောင်သည်။
ရယ်စရာပါလျှင် တဟားဟားနှင့် ရယ်တတ်သည်။
သူသည် သူတစ်ပါးတို့ထံ မိမိကိုယ်ကို ဖြန့်ချီပေးဝေနေသကဲ့သို့
တချိန်ထည်းမှာပင် ထိုပေးဝေသည့်အလုပ်အပေါ်မှ ချမ်းသာသုခ ပြည့်ပြည့်၀၀
ခံစားရလျှက်ရှိပေသည်။

တစ်ခုသော ခရစ်စမတ်တွင် ကျွန်တော်သည် သူနှင့်အတူ
အလွန်လူစည်ကားနေသော ကုန်စုံဆိုင်တစ်ခုသို့ ရောက်ရှိခဲ့သည်။
ဆိုင်အ၀င်အထွက်တံခါးတွင် အတွင်းဘက်မှ ကြည့်မှန်ကြီးတစ်ချပ်
တပ်ထားရာ ဆိုင်မှပြန်ထွက်သည့်အခါ မိတ်ဆွေသည်
မှန်ထဲတွင်ဘွားခနဲ ပေါ်လာသော သူ့အရိပ်နှင့် ပက်ပင်းတိုးမိလေသည်။
သို့သော်သူက သူ့ပုံရိပ်မှန်းမသိ လူတစ်ယောက်ဆိုင်အတွင်းဝင်လာတာပဲဟု
ထင်မှတ်ပြီး တစ်ဖက်သို့ ဖြတ်ခနဲ ရှောင်ပေးလိုက်သည်။
ပုံရိပ်ကလည်း သူ့ဘက်သို့ လိုက်ရှောင်သည်။
သူရှေ့ဘက်ထွက်ပြန်၏။သူ့ပုံရိပ်နှင့် တည့်တည့်တိုးပြန်၏။
နောက်သို့တစ်ဖန် သူဆုတ်၏။

ထိုအချိန်တွင် သူ့အားအံ့အားသင့်စွာ ငေးကြည့်နေသူတွေ
ရှိနေကြပေပြီ။ သို့သော် မည်သူမျှဘာလုပ်ရမှန်း ဘာပြောရမှန်း
မသိကြပေ။

တတိယအကြိမ်မြောက် ရှေ့တိုးမိသည့်အခါမူ ကြည့်မှန်တစ်ချပ်ရှေ့သို့
ရောက်နေကြောင်းသူသတိပြုမိသွားသည်။
`ဟား...လက်စသတ်တော့ ကျုပ်ကိုယ်တိုင်ပဲကိုး´ဟု
ဆဆိုလိုက်ပြီး သူ့ကိုယ်သူ ဦးညွတ်အရိုအသေပြုသည်။
`တွေ့ရတာ ၀မ်းသာပါတယ် သူငယ်ချင်း၊ ခရစ်စမတ်မှာ ပျော်ရွှင်ပါစေကွာ´ ဟု
သူနှုတ်ခွန်းဆက်လိုက်သည့်အခါ ဆိုင်ထဲက လူအားလုံး
ဝမ်းမြောက်အားရစွာ ရယ်မောမိကြလေသည်။
ရယ်သံများကြားမှာ တီးတိုးမှတ်ချက်ချသံ တစ်ခု ကျွန်တော်ကြားလိုက်ရသည်။
`တစ်ကယ်တော်တဲ့ လူဗျာ´တဲ့။

ဘာကိုတော်သည်ဟု ထိုသူပြောပါသလဲ။
အရှိကို အရှိအတိုင် ပဂတိ မတွန့်ဆုတ်ပဲ
လက်ခံနိုင်သော စွမ်းရည်ကိုမြင်သောကြောင့်
တော်သည်ဟု ချီးမွန်းခဲ့ခြင်းသာဖြစ်ပေသည်။
အားနည်းချက်ကို အရိုးခံအတိုင်း လက်ခံနိုင်သောစိတ်သည်သာလျှင်
ထိုအားနည်းချက်၏ ရိုက်ပုတ်မှု ဖိစီးနှိပ်စက်မှုကို တွန်းလှန်နိုင်ပေသည်။

ထိုကဲ့သို့ဖြစ်အောင် မည်သို့ လုပ်ဆောင်ရမည်နည်း။
နည်းလမ်းကတော့ တွေ့ကြုံလာသော
အခက်အခဲ ပြဿနာများကို ရဲရဲရင်ဆိုင်ပြီး
တွန့်ဆုတ်ခြင်းကင်းစွာ သုံးသပ်နိုင်ဖို့ဖြစ်ပေသည်။
ထိုမျှမက မည်သို့ပင်ဖြစ်စေဟူသော စကားအတိုင်း
ဆက်လက် တိုက်ပွဲဝင်ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ပင်ဖြစ်ပေသည်။

ဖေမြင့်၏ မည်သို့ပင်ဖြစ်စေ စာအုပ်မှ....

Saturday, July 24, 2010

ဘ၀ကံကြမ္မာတို့၏သဘော

သင်၏ဘ၀ ကံဆိုးမိုးမှောင်ကျနေပြီဟု သင်ထင်နေပါသလား။
သင်မလိုလားသောအရာတွေ သင်ကြောက်ရွံ့သောအရာတွေ မအောင်မြင်မှုတွေ
ရှုံးနှိမ့်မှု၊ မကျန်းမာမှု၊ ၀မ်းနည်းပူဆွေးရမှု အစရှိတာတွေအားလုံး
သင့်အားစုပြုံ နှိပ်စက်နေပြီဟု ခံစားရပါသလား။

အစောပိုင်းသင်အောင်မြင်စဉ်နှစ်များက
သင်မလိုအပ်သောအကူအညီများကို
ပေးချင်လွန်းလို့ တန်းစီနေခဲ့သည့် သင့်မိတ်ဆွေတွေ
ယခုတစ်ကယ်လိုပါပြီဆိုမှ ပျောက်ချင်းမလှ ပျောက်ကုန်ကြပြီလား။

ငါ့ဘ၀သည် မျှော်လင့်ချက်ကင်းသော
ကုန်းစောင်းအတိုင်းလှိမ့်ဆင်းသွားပြီဟု
သင်ယူဆနေပြီလား။

စိတ်မပျက်ပါနှင့်။တစ်လောကလုံး၏အမှောင်ထုသည်
ဖယောင်းတိုင်မီးလေးမျှကိုပင် ငြိမ်းသတ်နိုင်စွမ်းမရှိတာကို သတိရပါ။
သင်စိတ်ပျက်လက်လျှော့မသွားသေးသမျှ သင့်အားမည်သူမျှ အနိုင်မယူနိုင်ပါ။

စင်စစ်လောကဟူသည်လည်း သင့်အားတမင်နှိပ်စက်နေခြင်းမဟုတ်ပေ။
သို့သော် လောကသည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သော်ကြောင့်
ဆုပေးရန်မနှောင့်နှေးသလို ဒဏ်ပေးရန်လည်း တွန့်ဆုတ်ခြင်းမရှိ။

ဘ၀အတွေ့အကြုံသည် ဆရာကောင်းတစ်ဆူလည်းဖြစ်သည်။
သူသည် သင့်အား ဘ၀သင်ခန်းစာများနှင့်စပ်လျှင်းပြီး အမြဲစစ်ဆေးနေမည်သာဖြစ်သည်။
သင့် သန္နိဌာန်တွေ ဘယ်လောက်ခိုင်မာသလဲ သူအကဲခတ်လိမ့်မည်။
သင့် အရိုးအကြောတွေ ဘယ်လောက်သန်မာသလဲဆုံဖြတ်ရန်
သင့်ကို ခက်ခဲပင်ပန်းမှုများနှင့် ထိပ်တိုက်တွေ့ဆုံပေးလိမ့်မည်။

သင့်အားထုတ်မှု ပျက်ပြားအောင် နည်းအမျိုးမျိုးနှင့် အနှောင့်အယှက်ပေးခြင်းဖြင့်
သင့်ကို နိုးနိုးကြားကြားရှိစေလိမ့်မည်။
သင့်အားနည်းချက်ကိုဖြည်းတင်းကာ သင့်အားကြံ့ခိုင်မာကြောသူဖြစ်လာအောင်
လေ့ကျင့်ပေးလိမ့်မည်။

ဘ၀ဆရာ၏ လေ့ကျင့်ခန်းအမျိုးမျိုးကို ခံယူလေ့ကျင့်ပြီးမှသာ
ကြီးမားသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ လူတစ်ကာထက်
ထူးခြားသော အောင်မြင်သူတစ်ဦးဖြစ်လာနိုင်သည်။

လူ့ဘ၀၏ ထူးခြားချက်က လူတစ်ယောက်၏ ဘ၀မှာ
တစ်ကြိမ်တစ်ခါတော့အရေးနှိမ့်မှု ကြုံရခြင်းပင်။
ထိုအဖြစ်မျိုးနှင့်ကြုံရလျှင် အများစုက လက်မြှောက်အရှုံးပေးသွားကြသည်။
တစ်ချို့ဆိုလျှင် အရေးမနှိမ့်ခင်မှာပင် ငါရှုံးတော့မည်ဟု
ကြိုတင်လက်မြှောက်သွားတတ်ကြသည်။
အလွန်ရှားပါးသောလူတစ်ချို့သာ မအောင်မြင်မှု
ဘယ်လောက်ကြုံသော်လည်း အလျှော့မပေးသော ဇွဲဖြင့်ကြိုးစားတတ်ကြသည်။

သို့သော် ထိုအခက်အခဲကြုံရခြင်းသည်လည်း
တစ်ခဏသာဖြစ်သည်။ယာယီအခက်အခဲမျှသာ
ထိုထက်လုံးဝမပို။ဘ၀ခရီးတစ်လျှောက်
ခလုတ်တိုက်မိသော ကျောက်ခဲမှန်သမျှသည်
နင်းလျှောက်သွားရမည့် ကျောက်တုံးများပင်ဖြစ်လေသည်။

ထိုအခက်အခဲများနှင့်ရင်ဆိုင်ရစဉ်မှာ
သင်ဘယ်လိုခံစားသလဲပေါ်မူတည်သည်။
ငါရှုံးပြီဟု ခံယူကာမှိုင်တွေငေးမောနေလျှင်
နောက်ထပ်ပိုဆိုးသော ဘေးဒုက္ခတွေကို
လမ်းဖွင့်ပေးသလိုဖြစ်ပြီး သင့်ဘ၀ တကယ်ပင် တောင်စောင်းအတိုင်း
တောက်လျှောက်လိမ့်ဆင်းသွားပေမည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်ကြိမ် အရေးနှိမ့်သည့်တိုင်
အရှုံးထဲမှ အမြတ်ရအောင်ယူနိုင်သူများအဖို့
မအောင်မြင်ပျက်စီးမှုများသည် နောင်တစ်ချိန်မုချရောက်ရှိမည့်
အောင်မြင်မှုပန်းတိုင်ကို မရောက်မီ မလွှဲမရှောင်သာ
နင်းဖြတ်သွားရမည့်လှေကားထစ်များ ခရီးလမ်းမှတ်တိုင်များပင်
ဖြစ်သွားရပေသည်။........

ဖေမြင့်၏ အားပြင်းတဲ့မြားတစ်စင်း စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်

Monday, June 28, 2010

ကြောက်စိတ်

ကြောက်စိတ်
မောင်သစ်ဆင်း

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ
လက်ရွေးစင်ထဲက မင်းတုန်မင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကိုသင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာပညာသင်ြကားခဲ့ရတယ်။
တစ်နေ့ မှာ အင်းသားကြီးငကြူးက ငါးခြောက်ြပားကြီး တစ်ပြားလာပြီးလှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ြကိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။နောက်တစ်နေ့ ဆရာတော်ဆွမ်းဘုန်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှရှာဖွေမေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်
ဟဲ့…….ငလွင် မရသေးဘူးလား လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ
ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်းကို တင်လျှောက်ရတော့တယ်။
ငလွင်……လာခဲ့ လို့
ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲံ ဆရာတော်ရဲ့ အသံက ကျောင်းသားတွေရဲ့
နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့ …ငလွင် နင်ဟာ ဘုရင့်သား အကြောင်းညီညွတ်ရင်
နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့်သူ
ဒီလိုလူက ငါးခြောက်ပြားတစ်ချပ်တောင် လုံခြုံအောင်မစောင့်ရှောက်နိုင်ရင်
နိုင်ငံကို နင်ဘယ်လိုလုံခြုံအောင် စောင့်ရှောက်မလဲ လို့
မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက် ဆုံးမပါသတဲ့။
ဒီဆောင်းပါးကိုသင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို
ဖြေခိုင်းပါတယ်။
မေးခွန်းတစ်ခုက စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့
အဓိပ္ပါယ်ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။
အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကိုဝေ့ပြီးကြည့်တယ်။
တစ်တန်းလုံးကလဲ ငြိမ်လို့။ ဆရာဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။
ဆရာက အဖြေလွှာတစ်ရွှက်ကိုဆွဲထုတ်ပြီး အဲ့ဒီကျောင်းသားကိုပေးလိုက်တယ်။
ဒါ မင်းအဖြေလား။ ဟုတ်ပါတယ်ဆရာ၊ အေး..တစ်တန်းလုံးကြားအောင် ဖတ်စမ်းးး။
နည်းနည်းအံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း
ဆရာတော်ရဲ့ အဲ့ဒီမနက်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်
မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီးကြီးမားနေနိုင်ကြောင်း၊ ပြီးတော့
ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမပြီးလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ် ထင်အောင် ရိုက်နှက်ဆုံးမခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုန်းမပေးသင့်သည်ကိုသတိရသင့်ကြောင်း၊ ဆရာတော်ကိုယ်တိုင်က
ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါပဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်နေကြောင်း၊ အသားနာမှ အရိုးစွဲမည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတော် တစ်ခုလုံးကို အင်္ဂလိပ် လက်ထဲ ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊ အဲ့ဒီလိုတွေ
ဖြေထားတယ်ဗျ။
တစ်တန်းလုံး တစ်ခိခိ နဲ့ ရယ်ကြတယ်။သူတစ်ကြောင်းဖတ်လိုက် ခိခိနဲ့ ကြိတ်ရယ် လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။
မင်း ငါ့ကို နောက်နေတာလား။
ဟာ…… မဟုတ်ပါဘူး ဆရာ၊ ကျွန်တော်မေးခွန်းကိုဖြေတာပါ
ကဲ အားလုံး သူဖြေတာကိုလက်ခံကြသလား၊ တစ်ယောက်စီမေးမယ်။
ကဲ …… မင်းကစ၊ သူဖြေတာမှန်သလား မှားသလား။
ပထမဆုံးအမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက်ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကိုကြည့်လိုက်၊
ဆရာ့ကိုကြည့်လိုက် ဘေးဘီကိုကြည့်လိုက်နဲ့။
ကျွန်တော့စိတ်ထဲမှာတော့ အဲ့ဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေမိတယ်။
ကျွန်တော်လဲ သူ့လိုခံစားမိတာပဲ။ ဒါပေမဲ့ သူ့လိုမဖြေတတ်ဘူး။
သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ပြီးတော့ သူ့လို မဖြေရဲဘူး။
တစ်တန်းလုံးလိုလိုလဲ ကျွန်တော့လိုပဲထင်တယ်။ သူတို့မျက်နှာကိုကြည့်ရင်
သိသာပါတယ်။
ဟေ့ကောင်…..ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။
တစ်ကယ်တော့ ဆရာက မှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို
မေးနေတယ် မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ဝန်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ ပြောပြီးသား
ဖြစ်နေပါပြီ။ ဆရာကကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်လို့
ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲ့ဒီကျောင်းသားလဲ သဘောပေါက်ဟန်တူပါရဲ့။
သူဖြေတာ မှားပါတယ်။ ဟုတ်ပြီ နောက်တစ်ယောက်
မှားပါတယ်။ နောက်တစ်ယောက်။ မှားပါတယ်……
တစ်ယောက်ပြီးတစ်ယောက်မေးလာလိုက်တာ
ကျွန်တော့အလှည့် ရောက်လာပါတယ်။
ကျွန်တော်ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်းရှုလိုက်တယ်။
မှားပါတယ်။
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။
ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။
ထူးခြားတာက ကျောင်းသားအားလုံးလဲ ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲ့ဒီကျောင်းသားကို နောက်ပြောင်မှုနဲ့
အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း
ကျွန်တော့် ခန္ဓာကိုယ်တစ်နေရာမှာ နာသွားသလိုပါပဲ။
ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပါပဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲ့ဒီကျောင်းသား ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလို တပည့်မျိုး
ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာလဲ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။
အဲ့ဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ဗျာ။ဒါ ဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူနေပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။
ဖြေရဲသူရှိလာတာတောင် ကျွန်တော်တို့ ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ၊ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ……..။
ခက်ထန်တဲ့ အမူအရာတွေ။
အဲ့ဒီလို ကျွန်တော်တို့ရဲ့ သွေးထဲမှာ ကြောက်စိတ်တွေပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ ကြောက်ပွင့်တွေ တစ်ဝေေ၀ နဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေရှိရင်လည်း
ကျွန်တော်တို့ ဘာမှ မပြောရဲဘူး။ အပြုဘက်ကမြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ် ဆိုတာ သိသိကြီးနဲ့ အထက်လူကြီး မကြိုက်မှာစိုးလို့
ကျွန်တော်တို့ အကြံမပြုရဲဘူး ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထား
တွေကိုလဲ ဘယ်သူကမှ မတောင်းကြဘူးလေ။
သင်ခဲ့တဲ့ ပညာတွေ စာအုပ်ထဲပြန်သွားလဲ သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာလဲ
ဘယ်နေရာမှာနေတယ်လို့ ကျွန်တော်မြင်ပေမယ့် ဒါပြောရမယ့်ကိစ္စလို့ မထင်တော့ဘူး။
တဖြည်းဖြည်းနဲ့ ကျွန်တော်မှန်တယ်လို့ထင်လာတယ်။
ကျွန်တော့အထက် အဆင့်ဆင့် အောက်အဆင့်ဆင့်က လူတွေအားလုံးက ဒါကိုမှန်တယ်လို့ ထင်လာကြရင်ဖြင့်….ဌာန မနာဘူးလား
တိုင်းပြည်မနာဘူးလား ပညာရပ်အနေနဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး
နာပါတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့
ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေလက်ထဲမှာ တုတ်တစ်ချောင်းနဲ့ ……
ဘယ်လိုဖြစ်ကြတာလဲကွာ..၊ ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင်မလုပ်ပဲ
ကမြင်းတာလေ ပန်းကန်းတစ်လုံး ကွဲပြီ၊
ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ…..
တော် စာပိုဒ်ထဲက ဟာတွေလာမပြောနဲ့ ပန်းကန်တစ်လုံးဘယ်လောက်အောက်မေ့လို့လဲ
ရှင့်ဝင်ငွေက ဘယ်လောက်………….
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးတွေနဲ့
ကျွန်တော့ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။
ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ
ဖြစ်နေတာကြာပါပြီကောလား သားရယ်…………..။